အယ်လ်ဘန္တွား (Albena) ကမ်းခြေဟာ ဘူလ်ဂေးရီးယား (Bulgaria) နိုင်ငံမှာ တည်ရှိပြီး၊ ဥရောပ အရှေ့တောင်ဘက်ခြမ်းတွင် အလွန်လှပသော ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။ ရာသီဥတု အားဖြင့် မပူ မအေးလွန်းလှပဲ၊ သာယာ လှပသော ကမ်းခြေ၊ ကြည်လင် အေးမြသော ပင်လယ်ရေတို့က ကမ္ဘာလှည့် ခရီးသွား များကို စွဲဆောင်နေပါတယ်။
ထို့အပြင် ခေတ်မှီသော ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည့် ဟိုတယ်များ၊ ရေကူးကန်များ၊ အားကစားကွင်းများ နှင့် ၀န်ဆောင်မှု ကောင်းမွန်သော SPA များ၊ လုံခြုံ စိတ်ချရသော ပြည်သူ့ ခရီး သွားလာရေး စနစ်တို့ကလည်း အယ်လ်ဘန္တွား (Albena) ၏ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ပံ့ပိုးပေးထားပါတယ်။
၂၀၁၃ ခုနှစ် ဇွန်လ မှာတော့ ဟားမန်း ကွန်ပါးနက်စ် (Herman Kompernas) လို့ခေါ်တဲ့ ဂျာမန်လူမျိုး ဗိသုကာ ပညာရှင် တစ်ဦးက အယ်လ်ဘန္တွား ကမ်းခြေမှာ စာကြည့်တိုက် ပုံစံသစ်တစ်ခုကို မိတ်ဆက် ဖွင့်လှစ် ပေးခဲ့ပါတယ်။
ဟားမန်း ရဲ့ အကြံဥာဏ်သစ်က ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို တိုးတက် ဖွံဖြိုးရေးသာမက၊ အများပြည်သူ၏ စာဖတ်နှုန်း မြှင့်တင်ရေး ကိုပါ များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကမ်းခြေတွင် အပန်းဖြေ အနားယူရင်း နှစ်သက်ရာ စာအုပ် ကောင်းလေးများကို ဖတ်ရှုနိုင်ခြင်းက စိတ် ကျေနပ်စရာ တစ်မျိုး ပဲဖြစ်ပါတယ်။ ထူးခြားတဲ့ စီးပွားရေး ဈေးကွက် စွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။ ပူပြင်းလှတဲ့ နေရောင်ခြည်၊ လွင့်ပြန် တိုက်ခတ်လေ့ရှိတဲ့ ပင်လယ်လေ နှင့် အတူ ပါလာမည့် သဲမှုန့် ဖုန်မှုန့် များကြားတွင်၊ အကာ အရံမဲ့ စာကြည့်တိုက် တစ်ခု ဖွင့်လှစ်နိုင်ရေးဟာ သံသယ ရှိစရာပဲ ဖြစ်ပါတယ်။ ကမ်းခြေ စာကြည့်တိုက်၏ ဖန်တီးရှင် ဟားမန်းက အထက်ပါ အချက် အလက်များ အားလုံးကို သူ၏ စာကြည့်တိုက် ပုံစံသစ်မှာ ထည့်သွင်း စဉ်းစား ထားပြီးသားဖြစ်ပါတယ်။
စာအုပ်စင်များကို လေဒဏ် နေဒဏ် သာမက၊ စိုစွတ်ခြင်းကိုပါ ခံနိုင်ရည်ရှိသော အသားတစ်မျိုးဖြင့် တည်ဆောက်ထားပြီး၊ စာအုပ်များကိုလည်း ရေစိုခံသည့် ဗီလ်နိုင်း တစ်မျိုးဖြင့် ဖုံးအုပ် ထားပါတယ်။
စာကြည့်တိုက် စတင် ဖွင့်လှစ်ခါစမှာတော့ ဘာသာစကား ၁၀ မျိုးခန့်ဖြင့် စာအုပ်ပေါင်း ၂၅၀၀ခန့် ဖြည်.တင်းပေးထားပြီး၊ နောင်နှစ်များမှာတော့ ထပ်မံ ဖြည့်တင်းသွားဖို့ စီစဉ်ထားပါတယ်။ ဘာသာစကားအားဖြင့် ခြားနားသည့် စာအုပ်များကို သက်ဆိုင်ရာ နိုင်ငံ၏ အလံလေးများဖြင့် စင်များထက်တွင် ဖော်ပြပေးထား ပါတယ်။ စာကြည့်တိုက်ကို ကမ်းခြေတစ်လျှောက် အလျှား ၁၂ မီတာ (ပေ ၄၀ နီးပါး) ခန့် ခင်းကျင်းထားပြီး၊ စာအုပ် စင်ပေါင်း ၁၄၀ ခန်.ဖြင်.ဖွဲ့စည်းထားပါတယ်။
အယ်လ်ဘန္တွားရဲ့ ကမ်းခြေ စာကြည့်တိုက်လေးမှာ အခ ကြေးငွေ ပေးစရာ မလိုဘဲ၊ မည်သူမဆို လာရောက် ဖတ်ရှုနိုင်ပါတယ်။ စာကြည့်တိုက်လေးဟာ ကမ္ဘာလှည့် ခရီးသည်များ အတွက် ရည်ရွယ် ထားတာဖြစ်လို့ ခရီးသည်များ စိတ်ပါဝင်စားမည့် အကြောင်း အရာ အများစုကို ရွေးချယ် ဖြည့်တင်းထားတာပဲဖြစ်ပါတယ်။
အယ်လ်ဘန္တွား၏ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည့် မာဂျီးတ တိုဒိုရိုဗ (Margita Todorova) က ကမ်းခြေ စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနားတွင် စာကြည့်တိုက်လေး၏ တိုးတက် ဖွံ့ဖြိုး ရေးအတွက် ၀ိုင်းဝန်း ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။
အကိုးအကား
--------------------
http://albena.bg/en/news/view/id/529



